အတိတ်သမိုင်းနှင့်ပစ္စက္ခကို တံတားခင်းသူတစ်ယောက်နှင့် စကားစမြည်

05Feb11

လောကအလှမှ

သမိုင်းကြောင်းဆိုင်ရာ သုတဆောင်းပါးများကို ရေးသားနေသော စာရေးဆရာ ကိုဘိုဘိုလန်းစင် နဲ့ လောကအလှတို့ စကားပြောဖြစ်ခဲ့ပြီး လောကအလှမှ သိလိုသည်များကို မေးမြန်းရာ ကိုဘိုဘိုလန်းစင်က ဖြေကြားပေးသွားပါတယ်။

ဆရာ ဘယ်အချိန်က စလို့ စာတွေရေးခဲ့တာပါလဲ။

ကျွန်တော် ၁၉၉၈ ခုနှစ် မတ်လက စရေးပါတယ်။

ဘာတွေ အဓိကရေးပြီးတော့ ဘယ်မှာတွေ ရေးပါသလဲ။

ကျွန်တော် ရေးဖြစ်တာ ဆောင်းပါးတွေပါ။ နံနက်ခင်းဂျာနယ်မှာရုပ်ရှင်ဝေဖန်ရေးဆောင်းပါးတွေ စရေးဖြစ်ခဲ့တယ်။ နောက်… ရွှေအမြုတေ၊ ရနံ့သစ်၊ ဗြူတီ၊ မဟေသီ၊ ချယ်ရီ၊ စံပယ်ဖြူ စတဲ့မဂ္ဂဇင်းတွေ၊ Knowledge ဂျာနယ်နဲ့ ရွက်နုဝေမဂ္ဂဇင်းတို့မှာလည်း ရေးဖြစ်ပါတယ်။ နောက် ..မြန်မာနေးရှင်းဂျာနယ်မှာလည်း ရေးပါတယ်။ များသောအားဖြင့် ဆောင်းပါးတွေပဲရေးပါတယ်။ ကဗျာ ၁ပုဒ်၊ ၀တ္ထုက အမှီးဝတ္ထု ၄ပုဒ်ပဲ ရေးဖြစ်ခဲ့ပါတယ်။

ဆရာက ဆောင်းပါးတွေရေးတော့ ရသစာတွေလိုမဟုတ်ဘဲ ဆောင်းပါးက အချက်အလက်တွေ ၊ ကိုးကားရည်ညွှန်းတွေ တိကျ ခိုင်လုံရတာမျိုးဆိုတော့ လိုအပ်တဲ့ ကိုးကားတွေကို ဘယ်လို ရှာဖွေစုဆောင်းပါသလဲ။

ကျွန်တော် ရေးတဲ့ခါ လိုအပ်တဲ့ ထုတ်နုတ်စရာလေးတွေကို ရန်ကုန် မန္တလေးတက္ကသိုလ်စာကြည့်တိုက်တွေနဲ့ အခြားစာကြည့်တိုက်များကနေ ရှာဖွေပါတယ်။

မြန်မာပြည်မှာနေတုန်းက စာပေလှုပ်ရှားမှုလေးတွေ ဘာတွေများလုပ်ခဲ့ပါသလဲ။

ထွေထွေးထူးထူးတော့ သိပ်မရှိပါဘူး။ Knowledge ဂျာနယ်၊ ဗြူတီမဂ္ဂဇင်း၊ ရွက်နုဝေတို့မှာ အယ်ဒီတာလုပ်ခဲ့တယ်။ စာရေးခဲ့တယ်။

အယ်ဒီတာလုပ်စဉ်ကာလကရော အလုပ်နဲ့ပတ်သက်ပြီး စိတ်ရှုပ်စရာတွေ ရှိပါသလား။

စိစစ်ရေးကလွဲလို့ မရှိပါဘူး။ အလုပ်က ရှင်းပါတယ်။ တစ်ခါပဲ စာမူတောင်းထားပြီး မသုံးဘဲ ပြန်ပေးလို့ဆိုပြီး စိတ်ဆိုးရန်တွေ့တာမျိုးလေး ကြုံဖူးပါတယ်။

ဆရာ… အခုလောလောဆယ် ဘာတွေရေးနေပါသလဲ။

ခုလောလောဆယ် ကျွန်တော် ဧရာဝတီနဲ့ ကောင်းကင် အွန်လိုင်းစာစောင်တွေမှာ ဆောင်းပါးတွေ ရေးပါတယ်။

ပညာရေးနဲ့ပတ်သက်ပြီးတော့ရော စာတမ်းတွေ ရေးသားနေတာ သိထားပါတယ်။ ဆရာ ခုလောလောဆယ် ဘာစာတမ်းရေးနေပါသလဲ။

လောလောဆယ် ပြင်သစ်နိုင်ငံ၊ မာ့ဆေး(ရ်) မြို့ ပရောဗင့်စ်တက္ကသိုလ်မှာ ကျင်းပမယ့် မြန်မာလေ့လာရေးကွန်ဖရင့် (Burma in the Era of Globalization) မှာ အွန်လိုင်းပေါ်က မြန်မာသမိုင်း၊ ယဉ်ကျေးမှု၊ လူမှုအသိုင်းအ၀ိုင်းနဲ့ ပတ်သက်တဲ့ စာတမ်းတစ်ခု သွားဖတ်ဖို့ ရှိပါတယ်။

တင်သွင်းဖတ်ကြားပြီးတဲ့ စာတမ်းတွေကရော…

ကျွန်တော် ၂၀၀၆ ခုနှစ် စင်္ကာပူ အမျိုးသားတက္ကသိုလ်နဲ့ အာရှသုတေသနသိပ္ပံကနေ ကျင်းပတဲ့ မြန်မာလေ့လာရေးကွန်ဖရင့်မှာ ဦးသိန်းဖေမြင့်ရဲ့ လမ်းစပေါ်ပြီဝတ္ထုအကြောင်း စာတမ်းတစ်စောင်တင်သွင်းဖတ်ကြားခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်မှာ လန်ဒန်တက္ကသိုလ် အရှေ့ တိုင်းနဲ့ အာဖရိကပညာရပ်များကျောင်း (SOAS) မှာ ဦးနုရာပြည့်အစီအစဉ်စာတမ်းဖတ်ပွဲ Grappling with Independence: Burmese Culture, Media, and Daily Life in the U Nu Period, 1948-1962 မှာ ဦးနုခေတ် လူမှုအလွှာစုံက နာမည်ကျော်တွေအကြောင်း စာတမ်းတစ်စောင် လုပ်ခဲ့တယ်။ ၂၀၀၈ ခုနှစ်မှာ သြစတြေးလျအာရှလေ့လာရေးအသင်းကွန်ဖရင့်က မိုးနက်ရှ်တက္ကသိုလ်မှာ အရှေ့ တောင်အာရှထေရဝါဒသုံးနိုင်ငံက ပညာတတ်အသိုင်းအဝိုင်းနဲ့ အမျိုးသားလက္ခဏာဖြစ်ထွန်းမှု ဆိုတဲ့ စာတမ်းတစ်စောင် ၊ ၂၀၀၈ ခုနှစ်မှာပဲ မြောက်အီလီနွိုင်းတက္ကသိုလ် မြန်မာလေ့လာရေးကွန်ဖရင့် မှာ မြန်မာ့နိုင်ငံခြားရေးဝါဒနဲ့ ထိုင်ဝမ်အရေး ဆိုတဲ့ စာတမ်းတစ်စောင်ဖတ်ခဲ့ပါတယ်။

ဆရာ့ ပညာရေးက…

ကျွန်တော် လန်ဒန်တက္ကသိုလ် SOAS ကနေ အရှေ့ တောင်အာရှခေတ်သစ်သမိုင်းကို မဟာဝိဇ္ဇာ ယူပြီးသွားပါပြီ။

ပြည်ပမှာ နေထိုင်ကျောင်းတက်ရတော့ ကိုယ့်မြေ၊ ကိုယ့်ရေ မဟုတ်တော့ စိတ်ဖိစီးမှုတွေ၊ အခက်အခဲတွေ ရှိပါသလား ..ဆရာ။

ရှိပါတယ်။ ရာသီဥတု အေးတာရော၊ အစစ အရာရာ ဈေးကြီးတာတွေရောပေါ့ဗျာ။ ကျောင်းမှာ စာတွေပြီးအောင် ဖတ်ရတာတွေ ၊ စာတွေအများကြီးဖတ်ရတာတွေပေါ့။ စိတ်ဖိစီးတဲ့အခါမျိုးကျတော့ သီချင်းတွေ နားထောင်ပြီး အားတင်းပြီး ကျောင်းစာလုပ်ရတာပါပဲ။

ဆရာ့ supervisor တွေကရော ဘာလူမျိုးတွေပါလဲ။

ဆရာတစ်ယောက်က အမေရိကန် ၊ ဖိလစ်ပိုင်နဲ့ တစ်ယောက်က သြစတြေးလျကပါ။ သူတို့တွေ ဆရာကောင်းတွေပါပဲ။

ရှေ့ဆက် အနာဂတ်အစီအစဉ်တွေ ပြောပြပေးပါလား…ဆရာ။

ကျွန်တော် မြန်မာစာပေသမိုင်းကိုပဲ PhD ဒေါက်တာဘွဲ့ ဆက်လုပ်သွားဖို့ရှိပါတယ်။

ဒါဆို ဆရာက ဆရာဝန်ဘွဲ့လည်းရထားပေမယ့် သမိုင်းပညာရှင်အနေနဲ့ပဲဆက်လက်ရပ်တည်သွားတော့မှာပေါ့။

ဟုတ်ပါတယ်။

ဆရာက လူငယ်လို့ ပြောလို့လည်းရသေးတဲ့ အရွယ်ပါပဲ ဆိုတော့ ယနေ့ခေတ် မြန်မာလူငယ်များကို ဘယ်လိုမြင်ပါသလဲ

ကျွန်တော်က လူကြီးတွေနဲ့ အပေါင်းအသင်းဖြစ်တာပဲများတယ် ခင်ဗျ။ လူငယ်တွေနဲ့က ခု ပြည်ပရောက်လာမှ ပေါင်းဖြစ်တော့ ကျွန်တော့်အမြင်ကတော့ မြန်မာလူငယ်တွေ ကြိုးစားဖို့တော်တော်လိုပါသေးတယ်။ အထွေထွေဗဟုသုတရော၊ လူမှုဆက်ဆံရေးမှာရော အားနည်းနေသေးတယ်လို့ မြင်ပါတယ်။

ဒါကလည်း ဆရာရယ်…စာဖတ်တဲ့လူငယ်နဲ့ စာမဖတ်တဲ့လူငယ် ကွာခြားမှုလေးတွေ ရှိပါလိမ့်မယ်။

ဟုတ်တယ်ဗျ။ စာဖတ်ဖို့ ဆိုတာကလည်း စာအုပ်တွေ လက်လှမ်းမှီ အလွယ်တကူ ရှိနေဦးမှ။ စာအုပ်တွေ ဈေးနှုန်းကြီးတဲ့ခါကျတော့ စာမဖတ်နိုင်တော့သလို စာရေးတဲ့သူတွေကလည်း လူငယ်တွေအတွက် ဦးတည်ပြီးရေးတာမျိုးတွေလည်း ရှိဦးမှ ဖြစ်မှာပါ။ လူငယ်တွေ စာဖတ်အားနည်းနေပါသေးတယ်။ဒါကလည်း သူတို့ကို အပြစ်တင်လို့တော့ မရဘူးခင်ဗျ။ အခြေအနေ အကြောင်းကြောင်းတွေက ရှိသေးတယ်ဆိုတာ အားလုံးနားလည်ပါတယ်။

ဆရာငယ်ငယ်ကရော ဘာစာတွေ ဖတ်ဖြစ်ခဲ့ပါသလဲ။ ခုရော ဘာတွေ ဖတ်ဖြစ်ပါသလဲ။

ကလေးတုန်းကတော့ ၀ထ္ထုတွေဖတ်ဖြစ်ခဲ့တယ်။ ကဗျာတွေဘာတွေကျတော့ ကျွန်တော်က မဖတ်ဖြစ်ဘူး။ နောက်ပိုင်း ရသစာ သိပ်မဖတ်ဖြစ်တာများတယ်။ ခု ဖတ်ဖြစ်တာတွေကတော့ ကမ္ဘာ့သမိုင်း၊ မြန်မာသမိုင်း၊ စာပေနိုင်ငံရေးနဲ့ ဆိုင်တာတွေကို နှစ်သက် ဖတ်ဖြစ်ပါတယ်။

ဆရာက ပြည်ပကို မထွက်လာမီက စာပေနယ်ဘက်မှာ ကျင်လည်ခဲ့တာဆိုတော့ ယနေ့ခေတ် မြန်မာစာနယ်ဇင်းလောကကို ဘယ်လိုမြင်ပါသလဲ။

အားတော့ မရဘူးခင်ဗျ။ အရင်ခေတ်က စာရေးဆရာကြီးတွေနဲ့တော့ မတူဘူးလို့ မြင်ပါတယ်။ စီးပွားရေးသဘောအရလုပ်နေတာများပြီး စာဖတ်သူနဲ့ ပြည်သူလူထုအတွက် တကယ်ရေးပေးနေတဲ့ စာတွေ နည်းနေပါတယ်။ သတင်းတင်ပြမှုမှာလဲ ဝေဖန်ဆန်းစစ်မှုပိုင်းထက် အပေါ်ယံရှပ်ရေးတာက ဖုံးနေတယ် ။ များသောအားဖြင့်က ဘာသာပြန်ပြီးရေးတာတွေဆိုတော့ အတတ်ပညာပိုင်းဆိုင်ရာဆောင်းပါးမျိုးတွေမှာ တကယ့် ပညာရှင်မဟုတ်တဲ့သူတွေ ရေးတာမျိုးက ဖတ်ရတာ မပြည့်စုံသလိုဖြစ်နေတာမျိုးတွေ မြင်ရပါတယ်။

ဆရာရေးတဲ့ ဆောင်းပါးတချို့ကို စာဖတ်သူတချို့က ဘာကိုဦးတည်ဆိုလိုမှန်း မသိဘူးဆိုတာမျိုးတွေ ဝေဖန်သံတွေ၊ တချို့ကလည်း အတော်လေး အားရကျေနပ်တယ်ဆိုတာမျိုး မှတ်ချက်ပေးတာရော အဲလိုတွေ ဝေဖန်သံတွေ ကွဲလွဲနေတာကို ဆရာ ပြောစရာရှိပါသေးလား။

ကျွန်တော်က ဒီတိုင်းရေးလိုက်တာပါပဲ။ ကျွန်တော့် အမြင်နဲ့ကျွန်တော် သုံးသပ်ပြီးရေးလိုက်တယ်။ စာဖတ်ရေလည်မှုမှာ စကားပြောသွားမယ် ထင်ပါတယ်။ ဒေါက်တာသန်းထွန်းပြောသလိုပဲ ကျွန်တော် ပြည်သူ့လက်စွဲမရေးပါ။ အနောက်တိုင်းစာနယ်ဇင်းတွေနဲ့ယှဉ်နိုင်တဲ့ အရေးအတွေးသုံးသပ်မှုမျိုး မြန်မာစာပေမှာ အားကောင်းလာတာပဲ မြင်ချင်တယ် ။

ဆရာ့စာဖတ်သူတွေ၊ ယနေ့ခေတ်လူငယ်တွေကို ဘာများအမှာစကားပြောချင်ပါသလဲ။

အသိပညာဗဟုသုတတွေပိုမို ပြည့်ဝစေချင်ပါတယ်။ ပညာပြည့်ဝနှလုံးလှသော မြန်မာလူငယ်များဖြစ်အောင် ကြိုးစားကြပါလို့ ပြောချင်ပါတယ်။

ဟုတ်ကဲ့…အခုလို စိတ်ရှည်လက်ရှည် ဖြေကြားပေးတဲ့ ဆရာ ကိုဘိုဘိုလန်းစင်ကို လောကအလှမှ ကျေးဇူးတင်ရှိပါတယ်ရှင်။



4 Responses to “အတိတ်သမိုင်းနှင့်ပစ္စက္ခကို တံတားခင်းသူတစ်ယောက်နှင့် စကားစမြည်”

  1. 1 saw thet lin

    ကြိုးစားမှုများကို အားပေးနေပါတယ်။ ကြိတ်ထား …..

  2. 2 bobolansin

    Hote 😀

  3. သားတို့ လူငယ်တွေအတွက် စာများများရေးပေးနော်.. ဦးဘို.း)

  4. “သတင်းတင်ပြမှုမှာလဲ ဝေဖန်ဆန်းစစ်မှုပိုင်းထက် အပေါ်ယံရှပ်ရေးတာက ဖုံးနေတယ် ။”..
    ဒါ အမှန်ပဲ အကိုရ။ စီစစ်ရေးလဲ စီစစ်ရေးတစ်ပိုင်းပေါ့။ခုဟာက နည်းနည်းလေးဝေဖန်ပြရင်ကိုပဲ ဖတ်တဲ့လူတွေက ကျေနပ်အားရနေကြရတာပါပဲ။