နွေဦးပန်းချီ

23Oct12

ဒေါက်တာမြမဉ္ဇူ

မိုးကုန်ပြီး ဆောင်းဝင်တော့မှာမို့ နွေဦးမှာ ပန်းတွေလှဖို့အတွက် ကျွန်မတို့ ပြင်ဆင်နေကြပါပြီ ။ မိုးနှောင်းမှာ မိုးတွေများတာမို့ ပန်းခင်းတွေထဲ သစ်ရွက်ဆွေးတွေ မြေဆွေးတွေထပ်ထည့်ဖို့ အပင်တွေကျနေပြီဖြစ်တဲ့ သစ္စာပန်းခင်းတွေထဲက ဥတွေတူးပြီး ဖြန့်ထားဖို့ သီတင်းကျွတ်ပြီး မိုးကုန်တာနဲ့ ရာသီပန်းစေ့တွေ စိုက်ပျိုးကြပါတော့မယ်။

မေမြို့ရဲ့ ဆောင်းတွင်းဟာ နှင်းခါးတွေကျပြီး ရာသီကြမ်းတတ်တာမို့ ကျွန်မနဲ့ နှင်းဆီပင်တွေ အနားယူတဲ့ အချိန်ပါဘဲ။ ခြံလယ်က ခတ္တာဥတွေလည်း အရွက်တွေကြွေပြီး ဆောင်းတွင်းမှာ အိပ်တန်းဝင်ပါတော့မယ်။ မိုးအကုန်မှာ နှင်းဆီပင်တွေကို မှိုဆေးတွေ ဖြန်းရပါတယ်။ မန်ကျည်းရွက်ဆေးတွေ အားဆေးတွေ အပင်တွေထဲ ထည့်ပေးကြပြီး ဖေဖော်ဝါရီလမှာစပြီး ပွင့်ဖို့ နှင်းဆီပင်တွေကို ပြင်ဆင်ပေးရပါတော့မယ်။

ကျွန်မ ငယ်ငယ်ထဲက အမေစိုက်ခဲ့တဲ့ နှင်းဆီပင်တွေကြားမှာ ကြီးပြင်းခဲ့ရတာမို့ နှင်းဆီဟာ ကျွန်မအနှစ်သက်ဆုံး ပန်းပါဘဲ။ ပထမဦးဆုံး Hybrid Tea အမျိုးစားလို့ သတ်မှတ်ခဲ့တဲ့ France ဆိုတဲ့ ပန်းရောင် အပွင့်ကြီးတဲ့ သိပ်မွှေးတဲ့ နှင်းဆီကို နမ်းနေတဲ့ ကျမ ၄ နှစ်သမီးလောက်က ဖေဖေရိုက်ပေးတဲ့ ဓာတ်ပုံလေး ကျွန်မမှာရှိသေးတယ်။

မေမြို့က စိမ်းလန်းအေးခြံလေးဟာ အမေမဆုံးခင် ၁ဝ နှစ်လောက် သူချစ်တဲ့ သားသမီးတွေ မြေးတွေနဲ့ ပျော်ရွင်စွာနေခဲ့ရတဲ့ နေရာလေးပါ။ ဒီခြံလေးမှာ အမေပျော်ရွင်ဖို့ ၊ စိတ်ချမ်းသာဖို့အတွက် ကျွန်မသိပ်ကြိုက်တဲ့ နှင်းဆီပန်းတွေ ၊ အမေ နဲ့ အဖေ အတွက် ခတ္တာပန်းတွေနဲ့ သိပ်မွှေးတဲ့ပန်းမျိုးစုံ စိုက်ပျိုးပေးခဲ့တယ်။

ဒါကြောင့် ဖေဖော်ဝါရီလဆန်းရင် တခြံလုံး နှင်းဆီတွေ ဝေနေအောင် ပွင့်ပါတော့မယ်။ အနောက်ဘက်ခြံစည်း ရိုးပေါ်က Summa Snow လို့ခေါ်တဲ့ အဖြူရောင် နှင်းဆီနွယ်ပျော့တွေဟာ ဧပြီလထိ ပွင့်ပါတယ်။ အရှေ့ဘက် ခြံစည်းရိုးမှာ ကံ့ကော်ပန်းတွေနဲ့ သိပ်တူတဲ့ နှင်းဆီရိုင်းတွေ တနွေလုံး ပွင့်ပါလိမ့်မယ်။ လူတိုင်း ဒီပန်းလေးတွေ ခူးပြီးပန်ချင်ကြတယ်။ ကျွန်မကြိုက်တဲ့ Peace အမျိုးနွယ် နှင်းဆီတွေ ၊ နောက်ဆုံးပေါ်ဖြစ်တဲ့ အရောင်၂ မျိုးစပ်တဲ့ double delight နှင်းဆီတွေနဲ့ အပင်ကြမ်းကို အောက်ခြေက ၁ ပေ ၊ ၃ ပေထိ ခံထားပြီး ထိပ်မှာ အစုလိုက်ပွင့်တတ်တဲ့ နှင်းဆီမျိုးတွေထဲ့ပြီးထားတဲ့ တပင်တိုင် နှင်းဆီတွေကို ကျမဒီနှစ်အများကြီး စိုက်ထားပါတယ်။

မန္တလေးရဲ့ ရာသီဥတုဟာ မိုးနဲလို့ နှင်းဆီပင်တွေကို ပိုးတွေ သိပ်ဒုက္ခ-မပေးဘဲ ဆောင်းတွင်းရဲ့ အအေးဓာတ်ပိုကဲတဲ့ ရာသီဥတုကို နှင်းဆီကို သိပ်ကြိုက်တာမို့ နှင်းဆီဟာ မန္တလေးရဲ့ အဓိကစိုက်တဲ့ ပန်းပါဘဲ။ မန္တလေးမှာ နှင်းဆီပညာရှင်တွေ အများကြီးရှိတယ်။ တိရစ္ဆာန်ရုံနားက သစ္စာနှင်းဆီခြံက ကိုမြင့်သူဟာ နှင်းဆီကို သိပ်မြတ်နိုးတဲ့ နှင်းဆီပညာရှင် တယောက်ပါဘဲ။ ရွှေလီကလာတဲ့ နှင်းဆီပန်းတွေက bud စေ့တွေယူပြီး မန္တလေးက နှင်းဆီပညာရှင်တွေ မျိုးပွားကြတယ်။ ထိုင်းထိသွားပြီး နှင်းဆီမျိုးတွေ ဝယ်ပြီး မဲဆောက်ဘက်ကနေ ကားတွေနဲ့ သွင်းလာကြတယ်။ ဒါကြောင့် ကျွန်မတို့ မန္တလေးမှာ နောက်ဆုံးပေါ် နှင်းဆီမျိုး တွေ ရောက်နေပါပြီ။ ဆောင်းဝင်တာနဲ့ အတူ မန္တလေး ပန်းဈေးတွေထဲမှာ Gold Medal ကွန်မင်းဝါလို့ခေါ်တဲ့ ရွှေဝါရောင် နှင်းဆီခိုင်တွေ၊ ဆူးမပါတဲ့ ဆူးမဲ့အနီ၊ သိပ်မွှေးတဲ့ ပန်းရောင်ရေမွှေး၊ နှင်းဆီဖူးတွေ တခြားနှင်းဆီ ရောင်စုံတွေဟာ ကျွန်မတို့ အိမ်ရှင်မတွေ မဝယ်ဘဲ မနေနိုင်အောင် ဆွဲဆောင်နိုင်ကြပါတယ်။ ဆောင်းတွင်းမှာ မန္တလေးနားတဝိုက်ကထွက်တဲ့ ဂန္ဓမာပန်းတွေ ၊ မြင်းခြံဘက်ကလာတဲ့ သိပ်ကြီးတဲ့ သစ္စာပန်းတွေထက် နှင်းဆီတွေကို ပိုပြီးလူကြိုက်များကြတယ်။

ကျွန်မရဲ့ စိမ်းလန်းအေးမှာတော့ ဖေဖော်ဝါရီလမှာ စပွင့်တဲ့ နှင်းဆီတွေဟာ မန္တလးက ဆောင်းတွင်းပန်း တွေထက် ပိုပြီး အရောင်တွေ စိုလှပါတယ်။

တဆောင်းလုံး အိပ်နေတဲ့ ခတ္တာတွေဟာ မတ်လကုန်ရင် မြေကြီးထဲကနေ အဖူးတွေထွက်လာတော့တာပါဘဲ။ ကျွန်မခြံ အလယ်မှာ ဥ တရာ လောက်ကနေ စိုက်ခဲ့တဲ့ ခတ္တာပန်းရောင် ရောင်စုံတွေဟာ ၃ ၊ ၄ နှစ်တခါ ဥတွေများလာလို့ ကြပ်လာလို့ အခင်းကို ပြင်ပေးရတယ်။ ၁လလောက်ကြာအောင် ကျွန်မခတ္တာပန်းတွေဟာ ပွင့်နေကြပြီ၊ ကျွန်မ မိဘ ၂ ပါး အတွက်တော့ ခတ္တာပန်းတွေဟာ သူတို့ဘဝမှာ အရေးပါခဲ့ပါတယ်။ သူတို့ ချစ်မြတ်နိုးတဲ့ သူတွေ ၊ သားတွေသမီးတွေ အကျဉ်းအကျပ်တွေထဲက လွတ်ပါစေ၊ ခတ္တာတွေ ပွင့်ပါစေလို့ ဆုတောင်းခဲ့ကြရတယ်။ ဒါကြောင့် ခတ္တာပန်းတွေကို ကျွန်မ အမေနဲ့ အဖေအတွက် အမှတ်တရ စိုက်ထားတာပါ။

သစ္စာပန်းတွေ စိုက်တဲ့ အခင်းတွေမှာ လို့ခေါ်တဲ့ ပဲပန်းရောင်စုံတွေကို စိုက်ပါမယ်။ နောက်ပေါ်တဲ့ ပဲပန်းတွေဟာ အပင်ပုလေးမို့ တိုင်ထောင်ပြီး စိုက်စရာမလိုတော့ဘဲ တခြံလုံး သင်းနေအောင် မွှေးတဲ့ ပဲပန်းရောင်စုံတွေထဲမှာ အနီရောင်တွေကို ကျွန်မအကြိုက်ဆုံးပါဘဲ။

Trisia လို့ ခေါ်တဲ့ ရေမွှေးပန်းလေးတွေရဲ့ ဥလေးတွေကို မိုးကုန်ရင် စိုက်ရပါတော့မယ်။ ဖေဖော်ဝါရီလ ကုန်ရင် မေမြို့ဈေးတွေထဲမှာ ရေမွှေးပန်း အဝါရောင်လေးတွေ စတွေ့ရပါပြီ။ နောင်ချို၊ ကျောက်မဲတဝိုက် ကလာတဲ့ ပန်းတွေက ရိုးတံရှည်ပြီး အပွင့်တွေပိုကြီးပါတယ်။ ပန်းလေးတွေက သေးပေမဲ့ သိပ်မွှေးတာမို့ ကျွန်မတို့ သိပ်ကြိုက်တဲ့ပန်းတွေပါ။ မတ်လ တပေါင်း ပွဲတော်ကြို ဘုရားပွဲမှာ နွားလှည်းတွေနဲ့ ရေမွှေးပန်းတွေ တင်လာကြပြီး ဘုရားပွဲဈေးမှာ ရောင်းတာ တွေ့ဖူးတယ်။ ပန်းတွေကို ပျားတွေအုံလို့ သိပ်မွှေးပါတယ်။ ကျွန်မခြံထဲမှာ ယခုပေါ်နေတဲ့ ရေမွှေးပန်း အထပ်ရောင်စုံကို ဒီနှစ်စိုက်ရအုံးမယ်။

အမေအိပ်တဲ့ အခန်းနံဘေးမှာ နွေဦးမှာ အဆုပ်လိုက်ပွင့်တဲ့ မြတ်လေးပန်းတွေကို စင်နဲ့တင်ပြီး စိုက်ထားမိတယ်။ ကသာက မြတ်လေးပန်းတွေက မိုးတွင်းမှပွင့်ပြီး တပွင့်စီခူးပြီး ပန်းကုံးကလေး သီရတာပါ။ ကျွန်မရဲ့ မြတ်လေးနွယ်တွေကတော့ အဆုပ်လိုက် ပွင့်ပြီး အခိုင်လိုက်ခူးပြီး ဘုရားတင်နိုင်ပါတယ်။ တခြံလုံး အီနေအောင် မွှေးတဲ့ပန်းတွေပါ။ နံနက်စောစော လမ်းလျှောက်ထွက်ရင် ခြံထဲမှာစိုက်ထားတဲ့ တောင်ကြာလို့ခေါ်တဲ့ Magnolia ပင်ကြီးတွေက ကြာပန်းအဖြူကြီးနဲ့တူတဲ့ သိပ်မွှေးတဲ့ပန်းတွေက ကျွန်မကို ကြိုဆိုကြပြီး မေမြို့ သစ်တောလမ်းတလျှောက်က ယူကလစ်ပင်ကြီးတွေက နွေဦးမှာ ယူကလစ်နံ့တွေ ပေးတတ်ပါတယ်။ အပင်ကြီး တွေအောက် အသက်ရှူလေ့ကျင့်ခန်းလုပ်ရင်း သဘာဝရဲ့ အဖိုးတန်တာတွေကို ကျွန်မ ခံစားနေမိတယ်။ နံနက်စောစော ကန်တော်လေး တဝိုက်မှာ ရေဘဲတွေ တွေ့နိုင်ပြီး အိမ်တော်လမ်းထဲ ဝင်လာရင် ထပျံသွားတဲ့ အနီရောင် ဘုတ်ငှက်ကြီးတကောင်နဲ့ အိမ်အပြန်လမ်းမှာ အဖော်လိုက်လာတဲ့ ဘွတ်ဖင်နီလေးတွေ တေးသံကို နားဆင်ရင်း နွေဦးစိမ်းလန်းအေးကို အပြေးပြန်လာမိတယ်။ ဒါကတော့ ကျွန်မ ခြယ်မှုန်းနေတဲ့ ပျော်ရွှင်ကြည်နူးဖွယ် ကောင်းတဲ့ နွေဦး ပန်းချီကားပါဘဲ။ နွေဦးမှာ ပန်းတွေအားလုံး မွှေးပါတယ်။

ဒေါက်တာမြမဉ္ဇူ
အောက်တိုဘာ ၂ဝ၁၂



2 Responses to “နွေဦးပန်းချီ”

  1. 1 Pine Tree

    Can you please tell me what is “Khatta” called in English? I am wondering are they Irises? or Lilies?