မြန်မာစာ၏ကံကြမ္မာ

21Nov12

from Myatshu

ဆရာဦးလှဘေကို ၂ဝဝ၇ မေလက မော်လမြိုင်မြို့ နေအိမ်တွင် နောက်ဆုံးတွေ့ခဲ့သည်။ တောင်ဝိုင်းထဲက အိမ်ကလေးမှာ ခြံကျယ်ကြီး အလယ်တွင် သပ်သပ်ရပ်ရပ်ရှိသည်။ လန်ဒန် မြောက်ဘက် ဝယ်လ်ဝင် ဥယျာဉ်မြို့မှာ နေခဲ့ရသည့် ဘဝကို ဇာတိရပ်ရွာတွင် ပြန်ရသည်မှာ ဆရာတို့ ကံကောင်းပါသည်။ ဆရာ့ကို လူချင်း ပထမ တွေ့စဉ်ကနှင့်မတူ၊ သတိ ချွတ်ချော်လာပြီ (မဆုံးခင် ၂ လ အလို)။ ခင်ဗျား ဘာနဲ့ လာလဲ သင်္ဘောနဲ့လား လေယာဉ်နဲ့လားဟု ထပ်ခါ ထပ်ခါ မေးသည်။ ဘိလပ် ရောက်တော့ သူစာသင်ခဲ့သည့် ဌာနက ဌာနမှူးရုံးခန်းဝတွင် သူ့ပုံနှင့် ဆုံးသည့်အကြောင်းစာ၊ ကျောင်းတနေရာက ရှေးဆရာများ စုဝေး ရိုက်သည့်ပုံတွင် ၁၉၅ဝ ကျော်က ဦးလှဘေကို တွေ့လိုက်သည်။

ဒီ ဇန်နဝါရီ သူ အသက် ၁ဝဝ ပြည့်မို့ ဘာများ ထူးတလည်လုပ်ကြမလဲဟု ဘိလပ်ရှိ သူ့တပည့်တယောက်ကို မေးပါသည်။ အကြောင်းညီညွတ်ဖို့ ရေရေရာရာ မပြောနိုင်ပါ။ ဗမာပြည်မှာလို အချိန်နဲ့ ငွေအားမပေါသည့် တိုင်းပြည်များတွင် စိတ်ထင်တိုင်း ပေါက်ဖို့မဖြစ်နိုင်ပါ။ လွန်ခဲ့သော ၅ နှစ်က ဦးနု ရာပြည့် စာတမ်းဖတ်ပွဲလေးကို ဒီမှာ အကျဉ်းရုံး လုပ်ခဲ့ကြသည်ကိုပဲ အမှတ်ရသည်။ ထားတော့ စပ်မိစပ်ရာတွေ၊ ဆရာ့ကို မြန်မာစာ ပညာရှင် ခေတ်ဟောင်း ပညာတတ်ဆိုတာအပြင် ဘာများမှတ်မှတ်သားသား အောက်မေ့ကြမည်လဲ။

အမှန်က ဆရာ့သြဇာသည် ပြည်တွင်းထက် ပြည်ပမှာ ပိုရှိသည်။ ဆရာက ပညာရပ်စာ ပိုရေးသူမို့ ပရိသတ်က ပိုသီးသန့်ဆန်သည်။ မြန်မာစာ မြန်မာစကားနှင့် ယဉ်ကျေးမှုကို ကိုလိုနီအရာရှိက ဖြစ်သည့် ပညာရှင်များ ပြောတာဟောတာ ပြန်နာရသည့် အဆင့်က သူတို့မွေးထုတ်ပေးလိုက်သည့် တိုင်းရင်း ပညာတတ် ပို့ချသည့် အဆင့်ကို တက်လာခြင်းပင်။ ထိုထက် မြန်မာ ဘာသာ စာပေကို အနောက်နိုင်ငံစံဖြင့် လေ့လာသုံးသပ်မည့် မျိုးဆက်သစ်ကိုလည်း မြန်မာနှင့် ကမ္ဘာသို့ ဆရာ ထူထောင်ပေးနိုင်ခဲ့သည်။ စစ်ပီးခေတ် မြန်မာတွင် ဘာသာစာပေဘက်က ဦးဖေမောင်တင် ခြေရာဆက်ခံ သင်ကြားနိုင်သော ဦးဝန်နှင့် တပည့် ဦးတင်ဧတို့ အဘိဓာန်ဘက် ရောက်သွားပီးနောက် မြန်မာဘာသာ တိုးတက်မှုမှာ ရန်ကုန်ကျောင်းထွက်အုပ်စု ပြုသမျှသာ အညွန့်ထွက်နိုင်တော့သည်။ ယေးလ်တက္ကသိုလ်ပြန် သဒ္ဒဗေဒ မဟာဝိဇ္ဇာ ဗိုလ်ဗကိုလည်း အကယ်ဒမီ ဇာတ်ပို့နှင့် ဇာတ်ထဲ ရောက်သွားတော့သည်။

ဤအနေအထားတွင် စစ်ကြီးမဖြစ်ခင် ထဲက ရန်ကုန်ပြန် အင်္ဂလိပ်မင်းတို့ လက်ကျန် ဘိလပ် မြန်မာစာဌာနက နောက်မှပေါ်သည့် တခြားနိုင်ငံများက မြန်မာဌာနများ၏ ရှေ့ဆောင် အဖြစ် မြန်မာဘာသာစာပေလေ့လာမှုကို ဆက်လက် လှော်ခတ်နိုင်ခဲ့ပါသည်။ စစ်ပီးခေတ် ဘိလပ်တွင် ပညာလာသင်သည့် ဦးတင်ထွေး ကဲ့သို့ မြန်မာ ဆရာ တချို့သာ မြန်မာထဲက ဦးလှဘေ ခြေရာ လိုက်နိုင်ကြပါသည်။ ပြည်တွင်းဖြစ်ထဲကကား အမေရိကရောက် ဦးစောထွန်းနှင့် ရန်ကုန်နေ ဦးခင်အေးသာ ယခုအခါ တွေ့ရသည် (ဦးထွန်းတင့်ကား စာရေးတာ မတွေ့လှ)။ ပြည်ပတွင် မြန်မာ သဒ္ဒါကို လေ့လာကျမ်းပြုသည့် မြန်မာဆရာထဲက တယောက်ကိုလည်း တွေ့ရသည်။

မြန်မာဘာသာစာပေ သွေးသစ်လောင်းရေး အနောက်ဘက် ထပ်လွှတ်ဖို့ အချိန်တန်တာ ကြာပါပီ။ တယောက်လောက် ထွန်းပေါက်သွားသည်နှင့် အများအကျိုးရှိကြတာကို ဦးဖေမောင်တင်၊ ဦးဝန်၊ မင်းလတ် စသည့် တိုင်းရင်းပညာရှင်တို့၏ လှုပ်ရှားမှုတို့ကို ထောက်ချင့် ကြစေလိုသည်။ သဒ္ဒါ သတ်ပုံ အယွင်းယွင်း အချော်ချော်နှင့် မျက်စိနောက်စရာ ဘာသာစကားကို သန်းဆယ်ဂဏန်း ချီသော လူ့အဖွဲ့အစည်း တခုက အသုံးပြု နေကြသည်မှာ ဘတ်စ်ကားကြီး ဂျုန်းဂျုန်းကျနှင့် ကျိုက်ထီးရိုး တက်သလို ဆင်းရဲပင်ပန်းလှပီး ထိုထက် တိုင်းပြည် လူကြီးလုပ်နေသူများက ဗမာစကားကို ဘိုလိုညှပ်ပီး တော်လှန်ရေး ဆင်နွှဲနေကြပါက
ဗမာစာ လက်တင်လို ရေးသည့် အဆင့် တနေ့ရောက်ပေလိမ့်မည်။

ဦးလှဘေ ပြည်တွင်း ပြန်နေချိန် အနှစ် ၂ဝ ကျော်ကို တိုင်းပြည်နှင့် စာပေက များစွာ အသုံးမချခဲ့သည်က (ထိုအချိန်တွင်ပင် မင်းသုဝဏ် ရာဇမာန်သင့်နေသည်) မည်သူမပြု အားလုံးပြစ်မှုဖြစ်ပါသည်။ သူပြုစုသည့် စာပေဆောင်းပါး စာတမ်းများကို မောင်သာနိုး ပြန်ဆိုနေသည်။